အစိုးရအထက်ကအစိုးရ၊ ဖွဲ့စည်းပုံအထက်ကစစ်ကောင်စီ
စစ်အုပ်စုရဲ့၂၀၀၈ခုနှစ်ဖွဲ့စည်းပုံဥပဒေထဲမှာ လူပြောသိပ်မများကြတဲ့ ပုန်းလျှိုးကွယ်လျှိုး အာဏာပိုင်အဖွဲ့တဖွဲ့ရှိနေ ပါတယ်။ အဲဒီအုပ်စုဟာ အမှောင်ထဲမှာချောင်ကုပ်နေတာဖြစ်သလို ဒီဖွဲ့စည်းပုံဥပဒေထဲမှာ သူ့အတွက်သီးခြားအခန်း၊ ပုဒ်မရယ်လို့ဖော်ပြမထားပဲ သမ္မတဆိုတာရယ်၊ တပ်တော်ရဲ့အခန်းဆိုတာရယ်တို့နဲ့ ရောထွေး ဖော်ပြထားတာကိုတွေ့ရ ပါတယ်။
အဲဒါကတော့ အခန်း(၅)-အုပ်ချုပ်ရေးဆိုတာကနေ စပြီးဖော်ပြထားတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဆိုတာပါပဲ။
ဒီကောင်စီမှာပါမဲ့လူတွေက နိုင်ငံတော်သမတ၊ ဒုတိယသမတ(နှစ်ယောက်)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဌာန၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးနဲ့ နယ်စပ်ရေးရာဌာန၀န်ကြီး ဆိုတာတွေ ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ဘယ်သူတွေကရမယ်ဆိုတာ အထူးတွက်နေဖို့မလိုပါဘူး။ သာမန်လူတောင်မှန်းလို့ရတဲ့ ရာထူးဌာနန္တရတွေဖြစ်ပါတယ်။ ဒီအထဲက ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ နယ်စပ်ဒေသ၀န်ကြီးဌာန၀န်ကြီးနဲ့ ပြည်ထဲ ရေးဝန်ကြီးဌာန၀န်ကြီးဆိုတာတွေကို လွှတ်တော်ကရွေးခြယ်ခွင့်မရှိပါဘူး။ စစ်အုပ်စုထိပ်သီးတွေက စိတ်ကြိုက်ရွေးမှာဖြစ်တယ်လို့ တိတိလင်းလင်းပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ သူတို့အယုံကြည်အစိတ်ချရဆုံး၊ စစ်အုပ်စုအတွင်းဆုံးက လူတွေပဲဖြစ်မယ်ဆိုတာကတော့ သံသယဖြစ်စရာမလိုပါဘူး။ ဒါကြောင့် ဒီကောင်စီဟာ သူတို့ရဲ့စစ်တပ်ကလူတွေနဲ့ ဗိုလ်ချုပ်ထွက်တွေချည့်ပါဝင်မယ့် ကောင်စီဖြစ်တာမို့ စစ်ကောင်စီလို့ ခေါ်တာ အသင့်တော်ဆုံးပါပဲ။
ဒါ့အပြင်ဒီကောင်စီကြီးရဲ့တာဝန်ဝတ္တရားဆိုတာတွေမှာ စစ်ရေးနဲ့အုပ်ချုပ်ရေးတာဝန်တွေက အဓိကဖြစ်နေတယ် ဆိုတဲ့အချက်ကိုလည်း သတိပြုသင့်ပါတယ်။ ဒါပေမဲ့ထုံးစံအတိုင်း ၂၀၀၈ဖွဲဏ္ဍစည်းပုံအခြေခံဥပဒေထဲမှာတော့ မရှင်း-မရှင်းရေးထားတာပါ။ "ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်၎င်း၊ ဥပဒေတစ်ရပ်ရပ်အရသော်၎င်း ပေးအပ်လာသည့် တာဝန် ၀တ္တရားများကိုထမ်းဆောင်ရန်လို့"ရေးထားတာပါ။ အဲဒီလိုတာဝန်တွေမပေးအပ်ရင် ဘာအလုပ်မှမရှိတဲ့ ကောင်စီလို့အဓိပ္ပာယ်ထွက်သလားဆိုတာ စဉ်းစားစရာပါ။ ပြန်စဉ်းစားလိုက်ရင် မယ်မယ်ရရ၊ တိတိကျကျမရှိသေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့လို့ဖြစ်နေပါတယ်။ အဲဒီလိုတော့မဖြစ်နိုင်ဘူးထင်ပါတယ်။ ဗိုလ်သန်းရွှေတို့ ဘာရည်ရွယ် ချက်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကို စူးစမ်းလေ့လာသင့်ပါတယ်။
အခန်း(၇)၊ တပ်မတော်ဆိုတဲ့အခန်းမှာကျတော့ ဒီစစ်ကောင်စီရဲ့ လုပ်ပိုင်ခွင့်တချို့ကိုစတွေ့လာရပါတယ်။ ဒီကောင်စီဟာ ၀န်ကြီးအဖွဲ့မလုပ်နိုင်တဲ့ အလုပ်တွေကိုလုပ်မယ့်အဖွဲ့လို့ယူဆစရာတွေပါ။ ဥပမာအားဖြင့် "နိုင်ငံတော် သမတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။"
နောက်တခါ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ဆိုတဲ့အခန်းမှာတော့ "နိုင်ငံတော်သမတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်" လို့ပါပါတယ်။
ဒီအချက်ကိုကြည့်ရင် ဒီစစ်ကောင်စီဟာဝန်ကြီးအဖွဲ့ထက် အာဏာရှိနေတာ ထင်ရှားပါတယ်။ သမတရဲ့လက်ရုံးတပ် လိုဖြစ်နေပါတယ်။ ဒီလက်ရုံးတပ်ဟာ လွှတ်တော်နဲ့သမတအကြား (တကယ်လို့များ) ကွဲလွဲမှုရှိနေရင် သမတဘက်က အားဖြည့်ပေးမယ့် အာဏာပိုင်အဖွဲ့တခုလို ရပ်တည်နေမှာဖြစ်ပါတယ်။
ဒါ့အပြင် ပုဒ်မ ၄၁၂-၄၁၃အရဆိုရင် ဒီစစ်ကောင်စီဟာ သမတနဲ့ပေါင်းပြီးအာဏာသိမ်းနိုင်တဲ့ အာဏာပိုင်အဖွဲ့ ဖြစ်နေတယ်ဆိုတာကိုတွေ့ရပါတယ်။ သမတဆိုသူအဖို့ "လူဆိုးတွေနဲ့မောင်တိုင်ပင်လုပ်ချင်ရင်" ဒီစစ်ကောင်စီနဲ့ပဲ တိုင်ပင်မယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။
နိုင်ငံတော်ထဲက နိုင်ငံတော်၊ ကက်ဘိနက်(၀န်ကြီးအဖွဲ့) အထက်ကကက်ဘိနက်။ စစ်အုပ်စုအတွင်းစည်းလို့ဆိုရင် မမှားပါဘူး။ ဒီစစ်ကောင်စီရဲ့လက္ခဏာကိုပိုပေါ်လွင်စေတဲ့ နောက်တချက်က ပုဒ်မ ၄၁၂မှာပါတဲ့"နိုင်ငံတော်သမတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဖွဲ့ဝင်များစုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန၀န်ကြီးတို့နှင့်ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီထုတ်ပြန်ကြေညာနိုင်သည်"ဆိုတာဖြစ်ပါတယ်။ ဒါဟာအတွင်းစည်းထဲက အတွင်းစည်းကို ထပ်ဖော်ပြလိုက်တာပဲလိုဆိုရင် မမှားပါဘူး။
တကယ်ကျတော့ ဒီစစ်ကောင်စီဟာ တိုင်းပြည်ကိုရာသက်ပန်စစ်ကျွန်ဖြစ်အောင် အာမခံထားတဲ့ အာဏာပိုင်အဖွဲ့ အစည်းတခုသာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံထဲမှာ ဒီစစ်ကောင်စီကိုဘယ်သူက ဘယ်လိုဖျက်သိမ်းနိုင်တယ်၊ ပြောင်းလဲ နိုင်တယ် ဆိုတဲ့အချက်တွေ လုံးဝမပါပါဘူး။ သမတဆိုတဲ့လူက စိတ်ကြိုက်သူ့လူတွေနဲ့ချည်းဖွဲ့စည်းထားမယ့် အားလုံးရဲ့ အထက်ဆုံးက အာဏာပိုင်အဖွဲ့သာဖြစ်ပါတယ်။ သူတို့ဟာ သမတဆိုသူ၊ ဒါမှမဟုတ်သမတဆိုသူရဲ့နောက်ကွယ်ကရှိသူ (ဒါလည်းမဖြစ်နိုင်ဘူးမပြောနိုင်ပါဘူး) အယုံဆုံးလူတွေဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်က သူတို့ဟာအဲဒီနံပတ်ဝမ်းရဲ့ အမိန့် ကိုတသွေမတိမ်းလိုက်နာမယ်လို့ အယုံကြည်ရဆုံးလူတွေဖြစ်တယ်ဆိုတာပါပဲ။
၂၀၁၀ရွေးကောက်ပွဲက တင်မြှောက်မယ့်လွှတ်တော်ကြီးနဲ့ အစိုးရအဖွဲ့ဆိုတာတွေ ရှိနေပါလျက်နဲ့ ဘာကြောင့်မို့ဒီလို အရိပ်မည်းကြီး တခုဖန်တီးထားရတာလဲ။ ကမ္ဘာပေါ်မှာ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတရားဝင် ထည့် သွင်းပြဋ္ဌာန်းထားတဲ့ တခုတည်းသောနိုင်ငံက တခုတည်းသောအစိုးရရဲ့ တဦးတည်းသောအာဏာရှင်ကြီးအဖို့ ဒီလို လူယုံတွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်ရာ၊ ပြည်သူတွေကိုဖိနှိပ်ရာမှာ ဒီလိုစစ်ကောင်စီတခုလိုလို့ဖြစ်ပါတယ်။
တချို့လူတွေပြောကြသလို "စည်းကမ်းရှိတဲ့ဒီမိုကရေစီရဲ့ပြယုဂ်"ဖြစ်တဲ့၂၀၀၈ခုနှစ်ဖွဲ့စည်းပုံထဲက ဒီလိုအချက် မျိုးကို တဖြည်းဖြည်းချင်းပြောင်းလဲယူလို့ ရမယ်လို့တကယ်ထင်ပါသလား။ ကိုယ်ကတဖြည်းဖြည်းချင်းပြောင်းလဲဖို့စဉ်းစား နေတုန်း သူကတမုဟုတ်ချင်းအာဏာသိမ်းခွင့်ရှိအောင် လုပ်ထားတယ်ဆိုတာမေ့လို့မဖြစ်ပါဘူး။ အာဏာသိမ်းတယ် ဆိုတာကိုထမင်းစားရေသောက်လို သဘောထားတဲ့စစ်အုပ်စုအပေါ် အကုန်ပုံလို့ယုံတယ်ဆိုတာဟာ သမိုင်းသင်ခန်းစာကို ကျောခိုင်းရာကျပါတယ်။
လာမယ့်ရွေးကောက်ပွဲဟာ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့ ဓားစာခံရွေးတာလို့ဆိုရင် မမှား ပါဘူး။
ရဲဘော်ဖိုးသံချောင်း
0 comments